ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားသမိုင်း
ကျိုက်ပေါလော မှဲ့ရှင်တော် ဘုရားသမိုင်း
==============================
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများသည် သီတင်းဝါလကျွတ်၍ မိုးလေကင်းစင်ရာသီဥတုသာယာချိန်တွင်မွန်ပြည်နယ်၊ကျိုက်ထိုမြို့ နယ် ပေါင်းလောင်းတောင်ထိပ်ပေါ်ရှိဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ဘုရားဖူးသွားလေ့ရှိပြီး ကျိုက်ထီးရိုးစေတီတော်သို့ဘုရားဖူးသူတိုင်းသည် ကျိုက်ထိုမြို့ရှိ မျောလေးမျောသမိုင်းဝင် ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရား ကို ဝင်ရောက်ဖူးမြော်ကြပါသည်။
ကျိုက်ထီးရိုးသို့အသွားတွင် မှဲ့ရှင်တော်ဘုရားကို
ဝင်ဖူးသူရှိသလို အပြန်တွင် ဝင်ဖူးသူလည်း ရှိပါသည်။
အချို့ကမူ အသွားရော အပြန်ပါ မှဲ့ရှင်တော်ဘုရားကို ဝင်ဖူးကြပါသည်။ အသွားတွင် ဝင်ဖူးလျှင် မှဲ့ရှင်တော် ဘုရားက ကြိုဆိုနေသလို ခံစားရပြီး အပြန်တွင် ဝင်ဖူးလျှင် မှဲ့ရှင်တော်ဘုရားက နှုတ်ဆက်နေသလို ခံစားရပါသည်။ မှဲ့ရှင်တော်ဘုရားသည် ဘုရားဖူးများ ခေတ္တနားနေ အပန်းဖြေနိုင်သော သာသနာ့နယ်မြေတစ်ခု ဖြစ်ပါသည်။
ကျိုက်ထိုမြို့အတွင်းဖြတ်သန်း သည့်အခါတိုင်းမှာပင် မျောလေးမျောသမိုင်းဝင်
ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားကို ဝင်ဖူးခဲ့သော်လည်း ကျေနပ်တင်းတိမ်ခြင်း မရှိဘဲ
အခွင့်ကြုံတိုင်း ထပ်မံဖူးမြော် ကန်တော့ချင်စိတ် ပေါ်မိပါသည်။
ပထမဆုံးအကြိမ် ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရားကို ဖူးစဉ်က
ဘုရားကန်တော့ပြီးလျှင်ပြီးချင်း ဘုရားရှင်၏ လက်ယာဘက်သို့
အပြေးအလွှား သွားကာ မျက်ခုံးတော်အစွန်းရှိ မှဲ့ရှင်တော်ကိုဖူးခဲ့ပြီး နောက်ပိုင်းတွင်လည်း
ဘုရားဖူးပြီးတိုင်း မှဲ့ရှင်တော်ကို သွားဖူး ကာ အံ့သြမဆုံး၊ ဝမ်းမြောက်မဆုံးဖြစ်မိပါသည်။
ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရားသည် အခြားရုပ်ပွားတော်များ ကဲ့သို့ ဥာဏ်တော်မြင့်ခြင်း၊ ကိုယ်လုံးတော်ကြီးခြင်း မရှိဘဲ ဥာဏ်တော် ၃ ပေ ၆ လက်မ၊ ဒူးတော်နှစ်ဖက် အကျယ် ၂ ပေ ၆ လက်မ၊ ပလ္လင် တော်အမြင့် ၄ ပေ ၇ လက်မရှိသည့် ရုပ် ပွားတော် ဖြစ်ပါသည်။ လက်တော် နှစ်ဖက်ယှဉ်လျက် စျာနမုဒြာဖြင့် ထိုင်တော်မူကာ ဘုရားဖူးများကို မျက်လုံးတော်ဖွင့်၍ ကြည့်နေပုံ မှာ အလွန် အသက်ဝင်ပြီး သတ္တဝါတို့ကို ရင်ဝယ်သားကဲ့သို့ ကြင်နာသနားဟန်ပေါ်နေပါသည်။ သင်္ကန်းတော်တွင် အတွန့်အလိပ် များ ဖြစ်နေပုံမှာ အလွန် ပေါ်လွင်ပြီး မြတ်စွာဘုရား ဝတ်ရုံထားသော တကယ့်သင်္ကန်းနှင့် တူနေပါသည်။ ဦးကင်းတော်မှစ၍ တစ် ကိုယ်လုံး ရွှေပိန်းချထားသော်လည်း မူလပုံတော်အနေအထား မပျက်ယွင်း သဖြင့် သက်တော်ထင်ရှား မြတ်စွာ ဘုရားကို ဖူးရသလို ခံစားမိစေပါ သည်။
မှဲ့ရှင်တော်ဘုရားဟု ကျော်ကြားခြင်းမှာ လက်ယာဘက်နားထင်စွန်း
(လက်ယာဘက် မျက်ခုံးတော်အထက်)တွင်ရှိသော မှဲ့ရှင်တော်ကြောင့်
ဖြစ်ပါသည်။ ထိုမှဲ့ပေါ်တွင် ရွှေသင်္ကန်းများ အကြိမ်ကြိမ် အထပ်ထပ်ကပ်သော်လည်း
တစ်နာရီအကြာတွင် မှဲ့တော် ပြန်ပေါ်သဖြင့် မှဲ့ရှင်တော်ဘုရားဟု ဘွဲ့တော်တွင်လာကြောင်း
သိရပါသည်။ ကျိုက်ထိုမြို့သို့ ရေလမ်းခရီးဖြင့် ကြွလာသော
မှဲ့ရှင်တော်ဘုရားသည် အနောက်တောင်အရပ်သို့သာ
အစဉ်အမြဲ မျက်နှာလှည့်တော်မူပြီး ရောင်ခြည်တော်လွှတ်ခြင်း၊ မျက်တောင်ခတ်ခြင်း ကို ဖူးထိုက်သူများသာ ဖူးခဲ့ရပါသည်။
မှဲ့ရှင်တော်ဘုရား၏ နောက်ထူးခြားချက်မှာ ကျိုက်ထိုမြို့သူ မြို့သားများ၊ မွန်ဘုရင်၊ဘုရင်မများ၊ မွန်မြို့စား၊ ရွာစားများ ထုလုပ် ပူဇော်ခြင်း မဟုတ်ဘဲ သီဟိုဠ်ကျွန်း(သီရိလင်္ကာ) ဘုရင် ဒေဝါနံပီယတိဿမင်းကြီးက ပွင့်တော်မူပြီးသော ဘုရားလေးဆူကို ရည်စူး၍ ရုပ်ပွားတော် လေးဆူထုကာ အဓိဋ္ဌာန်ဖြင့် ပင်လယ်တွင် မျှောသည့် ရုပ်ပွားတော် လေးဆူအနက် တစ်ဆူ ဖြစ်ခြင်း ဖြစ်ပါသည်။ ပင်လယ်တွင် ဖောင်ဖြင့်မျောသည့် ရုပ်ပွားတော်လေးဆူတွင် ပါဝင်သဖြင့် မျောလေးမျောသမိုင်းဝင်ဟု သုံးနှုန်းခြင်းဖြစ်ပါသည်။ ဒေဝါ နံပီယတိဿမင်းကြီး ရုပ်ပွားတော်လေးဆူ ပင်လယ်တွင် မျှောသောနှစ်မှာ သာသနာသက္ကရာဇ် ၂၃၇ ခုနှစ်ခန့်ဖြစ်ရာ မှဲ့ရှင်တော် ဘုရား သည် ကျိုက်ထိုမြို့၌ နှစ်ပေါင်းရာချီ ၍ အပူဇော်ခံနေကြောင်း သိရပါသည်။
ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရား၏ သမိုင်းကို သိရသောအခါ ပို၍ပင် ကြည်ညိုလာခဲ့ပါသည်။ သာသနာသက္ကရာဇ် ၂၃၇ ခုနှစ်မှ သီဟိုဠ်ကျွန်းမှ မြန်မာနိုင်ငံ မွန်ပြည်နယ်သို့ ပင်လယ်ရေလမ်းခရီး ဖြင့် ကြွရောက်လာသော မှဲ့ရှင်တော် ဘုရား၏ ဘုန်းတော်အနန္တ၊ တန်ခိုး တော်အနန္တကို အာရုံပြုကာ အကြိမ်ကြိမ် ရှိခိုးကန်တော့မိပါသည်။ မှဲ့ရှင်တော်ဘုရားကို အဓိဋ္ဌာန်ဖြင့် ပင်လယ်တွင် မျှောစဉ်က ကျောက်လှည်းဘီးပေါ်တွင်တင်၍ မျှော်ခြင်းဖြစ်သော်လည်း ရေတွင် နစ်မသွားခြင်းမှာ မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့်သာ ဖြစ်ပါသည်။ ဘုရားဖူးများသည် မှဲ့ရှင်တော်ဘုရား အနီးတွင် ထားရှိသော ကျောက် လှည်းဘီးကြီးကို တွေ့သောအခါ သာသနာ့သမိုင်းဝင် ဖြစ်သဖြင့် စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ရပါသည်။
ယခုအခါ မှဲ့ရှင်တော်ဘုရား ပရိဝုဏ်အတွင်း ဗုဒ္ဓဂယာ မဟာဗောဓိအောင်မြေမှ မဟာဗောဓိစေတီတော်နှင့် ပုံတူ စေတီတော်ကြီး တည်ထားနေပါသည်။ ကောဇာသက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် ဟင်္သာတမြို့မှ ကြွလာသော ဆရာတော် ဦးကေသရသည် မှဲ့ရှင်တော်ဘုရားဝင်းအတွင်း၌ ဗုဒ္ဓဂယာ မဟာဗောဓိစေတီ တည်ရန် စီမံတော်မူပြီး အရံစေတီရှစ်ဆူ ပထမဦးစွာ တည်ထားသော်လည်း ရံစေတီများ အလယ်တွင် မဟာစေတီတော်ကြီး ဆက်မ တည်နိုင်ဘဲ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။ ယခုခေတ် မှဲ့ရှင်တော်ဘုရား ဂေါပကအဖွဲ့သည် မဟာစေတီတော်ကြီး ဆက်တည် ရန် ရည်ရွယ်ချက် ရှိခဲ့ပြီး ယခု လက်တွေ့ အကောင်အထည် ဖော်နေခြင်း ဖြစ်ပါသည်။
မဟာဗောဓိစေတီတော်သည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မဟာဗောဓိ အောင်မြေတွင် တည်ရှိပြီး ကိုးတိုင်း ကိုးဌာန သာသနာပြု သီရိ ဓမ္မာသောကမင်းကြီး၏ ကောင်းမှုတော် ဖြစ်ပါသည်။ ဗုဒ္ဓပွင့်တော်မူသည့် အထိမ်း အမှတ်အဖြစ် နန်းစံသက် ၁ဝ နှစ်၊ ၁၁ နှစ်ခန့်တွင် ဥာဏ်တော်ပေ ၁၈ဝ မြင့်သော မဟာဗောဓိစေတီတော်ကို တည်ခဲ့ကြောင်း သိရပါသည်။ မဟာ ဗောဓိစေတီတော်သည် အရင်းကား၍ အဖျားရှူးသော လေးထောင့်ပုံသဏ္ဌာန် ဖြစ်ပြီး စေတီတော်မှာ နှစ်ထပ်ဖြစ်ပါသည်။ အောက်ပိုင်းသည် လိုဏ်ပါသော ဂူကျောင်း ပုံဖြစ် ပြီး အပေါ်ပိုင်းသည် စေတီပုံ ဖြစ်ပါသည်။ စေတီတော်၏ ဖိနပ်တော်လေးထောင့်တွင် ပင်မစေတီတော်ကြီးနှင့် ပုံစံတူ အရံ စေတီ တစ်ဆူစီ တည်ထားပြီး စေတီ တော်ကြီး၏ အထွတ်တွင် ကျောက် ထီး တင်ထားပါသည်။
ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်ကြီးနှင့် ပုံစံတူ စေတီတော်ကြီးတစ်ဆူ ကျိုက်ထိုမြို့ မှဲ့ရှင်တော်ဘုရားဝင်းအတွင်း တည်ထားကိုး ကွယ်ခြင်းမှာ အလွန်ဝမ်းသာစရာ ကောင်းပါသည်။ မဟာဗောဓိစေတီ တော်ကြီး တည်ဆောက်နေမှုမှာ ခရီးအတော်ရောက်နေပြီဖြစ်ပါသည်။
Comments
Post a Comment